Free Essay

မြသီတာနှင့်မိုက်လုံးကြီးတဲ့ရိုမန်တစ်တေလေ

In:

Submitted By thinker
Words 1359
Pages 6
မြသီတာနှင့်မိုက်လုံးကြီးတဲ့ရိုမန်တစ်တေလေ

ချိုလွင်လွင်
အက္ခရာတို့ဖူးပွင့်ရာ
မင်းနှုတ်ခမ်းများရဲ့တဆုံးထိ
ဖွဖွလေး ခုန်ချမိခဲ့။

အိမ်မက်အဆင့်ဆင့် လှိုင်းအနိမ့်အမြင့်ကို
ရှာဖွေတွေ့ရှိသူဟာ
ငါကိုယ်တိုင်ဖြစ်တယ်။

ရွှေမှုန်ရွှေစလို
နေခြည်နုနုထွေးထွေးများ
တဖိတ်လက်လက် ပက်ဖျန်းထားမှုထဲမှာပေါ့။

မိုက်လုံးကြီးတဲ့တေလေမိုးစက်မိုးစများ
သွေးရူးသွေးတန်း ခုန်ချမိရာက
ကိုင်းညွတ်လာတဲ့သက်တန့်တစ်စင်းသာ

ချစ်ခြင်းဟာ
လုပ်ယူလို့မရတဲ့တိုင်ဆိုင်မှုဆိုတာ
သိတော့သိခဲ့ပါရဲ့။

မြသီတာ
လသာတဲ့ညမှာ
ပြတင်းပေါက်ကခိုးခိုးကြည့်
သားကောင် တွေ့ပြီဆို
အသက်ရူခွင့် လုံးဝမပေးတော့။

စိတ်လွတ်ကိုယ်လွတ်အလွမ်းများ
တရဆက်ပစ်လွှတ်တတ်တဲ့လရောင်လို
မသိနားမလည်တဲ့ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်
ငါ့ဆီပြန်လာပါကွယ်။

ခပ်တုံးတုံး
ခပ်အအ ခပ်ညံ့ညံ့
သူရဲဘောကြောင်တဲ့ကောင်လေးပဲလို့
ဆိုချင်ဆို။

စစ်သူကြီးလဂွန်လို
သူရဲကောင်းမဖြစ်ရဘူးဆိုလည်း
နေပါစေတော့။

မင်းကြောင့်
ချစ်ခြင်းရဲ့လွင်တီးခေါင်မှာ
ရင်နှစ်ခြမ်းကွဲ မကျဆုံးပါရစေနဲ့။

နို့နှစ်ရောင်ရင်ခွင်မှာပဲ
လှလှပပ
တိုးခွေနေရပါစေ။

ကောင်းကင်ဆန်ဆန်ဂီတလို
ထူးဆန်လိုက်တာ
ဘုရားသခင်ပေးတဲ့ဝိညဉ်
ဒီကောင့်ခန္ဓာကိုယ်ထဲ
မနေချင်တော့ဘူးကွယ်။

မင်းရဲ့
စိမ်းမြမြ သွေးကြောမျှင်ထဲ
လည်ပတ်နေချင်သတဲ့။

ဒီအရူးကလေးရဲ့နဖူးပေါ်မှာပဲပေါ့
အတုအယောင်နှင်းဆီနီနီရဲရဲတွေ
တမ်းတမ်းမက်မက် စိုက်ပျိုးပြပြီး
ရူးသွပ်မှုစစ်စစ်နဲ့ ရူးသွပ်စေခဲ့တဲ့မင်း။

အခုတော့လည်းလေ
နောက်ထက် နဖူးသစ်တစ်ခုဆီမှာ
ဝဲပျံလို့နေပြီလား။

ကိစ္စမရှိပါ
ငါလိုမိုက်လုံးကြီးတဲ့မိုးတိမ်တစ်စ
လွင့်ပါးသွားပြီဆိုလည်း
မင်းနှလုံးသားဥယျာဉ်မှာ
ကျူပင်မြားတွေ ထိနေဦးမှာပဲ
နှင်းဆီပြာတွေ ပွင့်နေဦးမှာပဲ
စိတ်သင့်ရာတစ်ပွင့်ပန်ဆင်လိုက်ပါလေ။

ပတ်ဝန်းကျင်တစ်ခုလုံး
ရူးရူးမိုက်မိုက် စိန်ခေါ်ပြီးခါမှ
ကောင်းကင်လို
ရာသီအလိုက် မာယာများပြနေသူ။

မင်းအလိုတော်အတိုင်း
မိုးသက်မုန်တိုင်းဆိုလည်း မိုးသက်မုန်တိုင်း
တိုက်ခတ်လိုက်ရုံပဲပေါ့။

နေ့မှာနေကြတ် ညမှာလကြတ်
အဲဒီရက်မှာ
လူ့ဘဝထဲရောက်ခဲ့ရသလား။

မျက်လုံးကမ်းသူတစ်ယောက်လို
စကြာဝဠာတစ်ခုလုံးပျောက်ဆုံး
ငါ့ကို
သိမ်းကျူံးပွေ့ဖက်ထားလိုက်ပုံများ။

မင်း
အစိမ်းရောင်နွယ်ပင်များ
အသက်ရှုလို့မဝ။

တစစီမွကြေ
သေဆုံးသွားရမယ်ဆိုလည်း
ငါ့ကိုယ်ငါ နှစ်သိမ့်နေပါမယ်။

မြသီတာ
ဆိုးသွမ်းကြမ္မာ
ကျောသပ်မွေးမြူထားသူနှယ်
လောကတစ်ခုလုံးညစ်နွမ်း
သဘာဝအလှအပများလည်း
မှိန်ဖျော့စေခဲ့ပြီလား။

ဒဏ်ရာများနဲ့ပဲ
ညည်းထွားရင်းညည်းညူနေဆဲ
ဘယ်လို့ပဲဖြစ်ဖြစ်
တစိုက်မတ်မတ်စီးဆင်းလိုက်တော့မယ်။

လတ်လတ်ဆတ်ဆတ်စိတ်ကူးပုံရိပ်များ
တမေ့တမော့ ကောက်ယူလို့ကောင်းတုန်း
အရင်ကလိုပဲ
သိမ့်သိမ့်လှိုက်တုန် ရင်ခုန်နေဦးမယ်။

အို့ဘုရားသခင်
သူမရဲ့အိပ်မက်ထဲမှာ
ခေါင်းအုံးရှည်တစ်လုံးပဲဖြစ်ဖြစ်
ဖိနပ်ကလေးတစ်ရံပဲဖြစ်ဖြစ်
ချွေးစက်ကလေးတစ်စက်ပဲဖြစ်ဖြစ်
ဖြစ်ပါရစေ။

မင်း
ကြိုက်တဲ့နေရာ ပြေးပုန်းစမ်းဟန်နီ
အနန္တစကြဝဠာ ကျယ်ပြန့်လွန်းတာ
ဝင်္ကပါလိုရှုပ်ထွေးတာများ
ငါ့ဝိညာဉ်ကလေးရယ်နေပေါ့။

လူတစ်ယောက်မှာ
ဘယ်နှစ်ကြိမ်ထိ မိုက်မဲခွင့်ရှိသလဲ
မသိချင်ပါ။

ငါ
ပိုးဖလံတစ်ကောင်လို
ဆက်ကာဆက်ကာမိုက်မဲနေဦးမယ်။

သွေးတွေ သွေးတွေ
တစ်စက်ချင်းစီ တစ်စက်ချင်းစီ
တစ်စက်ချင်းစီ
စီးကျ။

တကယ့်ကို
တဆစ်ဆစ်နာကျင်နိုင်မှန်း သိခဲ့ပါရဲ့။

ဆူးခင်ထားတဲ့ရင်ခွင်ကိုမှ
မိုက်မိုက်ကန်းကန်း စွဲလန်းတွယ်တာနေသူပါ။

ကိစ္စမရှိပါ
ငါလိုမိုက်လုံးကြီးတဲ့မိုးတိမ်တစ်စ
လွင့်ပါးသွားပြီဆိုလည်း
မင်းနှလုံးသားဥယျာဉ်မှာ
ကျူပင်မြားတွေ ထိနေဦးမှာပဲ
နှင်းဆီပြာတွေ ပွင့်နေဦးမှာပဲ
စိတ်သင့်ရာတစ်ပွင့်ပန်ဆင်လိုက်ပါလေ။

တောင်စွယ်မှာနေကွယ်သွားမှ
ပဒိုင်းသီးကိုပန်းသီးလုပ်ပြီး
လိမ်ကျွေးသွားမှန် သိလိုက်ရပြီ။

ချစ်စိတ်တွေ ဖိစိးလွန်းသမို့
ရဲ့ရဲ့ဝံ့ဝံ့တောင် မကြည့်ရဲ့ခဲ့။

ဒီကောင်ကနုံအလေတော့
ကျောက်စာအထွင်းခံရတဲ့ကျောက်တစ်ချပ်လို
နာကျင်ရပါတယ်လေ။

အမဲပစ်ဖို့သက်သက်
အရေပြားအားကိုးသူနှယ်
တောကောင်ပုရိသ ရင်ဆိုင်မိရင်များ
မင်းဆံနွယ်တစ်အုံလုံး
ကျွတ်ထွက်သွားလိမ့်မယ်ပ။

မင်းစိတ်ကြိုက်ဆော့ကစားနိုင်ဖို့ဆို
ငါ့ခန္ဓာကိုယ်တစ်ခုလုံး
ထိုးအပ်ပါ့မယ်။

မြသီတာ
မင်းဟာ
ဂီရိဒဏ္ဌာရီထဲက
ညှို့အားထန်နတ်ဘုရားမလား။

ဖြားယောင်မှုနဲ့ရွှန်းရွှန်းလဲ့ရင်း
ဝံ့ဝံ့စားစား အကြည့်တွေအောက်မှာပဲ
ထပ်ခါတလဲလဲ ကျောက်ရုပ်ဖြစ်ခဲ့ရတာ
လူတစ်ယောက်မှာ
အမေတစ်ယောက်ရှိသလိုမျိုး
သေချာလွန်းခဲ့ပေါ့။

မျက်နှာချင်းဆိုင်ပြီး အဝေးဆုံးဝေးကွာခဲ့ကြ
လက်တစ်ကမ်းအကွာ
မင်းအမြင်အာရုံထဲမှာ။
ငါ့ဟာ
လူသားတစ်ယောက်မဟုတ်
ရွှေမင်းသားလည်းမဟုတ်
ငွေဒင်္ဂါးလည်းမဟုတ်။

တကယ်ပဲ
ငွေကြေးများရဲ့ လူသတ်ကုန်းမှာ
တရားခံဟာ ငါပါ။

အဲဒီလို
ထင်းထင်းကြီးပျောက်ရှ
ရှိခြင်းရဲ့မရှိခြင်းဆီ
စိတ်အလိုမတူဘဲ ကူးပြောင်းသွားရပြီ။

အိပ်မက်ကလေး
ပျက်ပြယ်သွားတာလွယ်ပေမယ့်
မျက်နှာသစ်ဖို့ ခက်နေပေါ့။

လေ့လာသင်ယူချင်စိတ်မျိုးပဲလေ
သစ်ရွက်တစ်ရွက်လိုငါ
ငါလိုသစ်ရွက်တစ်ရွက်ရဲ့ရာဇဝင်မှာ
မြေကြီးကိုနမ်းရမှ ကျေနပ်တတ်သူပါ။

နှစ်သက်ဖွယ်တေလေစိတ်ကို
မနှစ်သက်မိလို့
ကမ်းခွါခဲ့တာလား။

ကိစ္စမရှိပါ
ငါလိုမိုက်လုံးကြီးတဲ့မိုးတိမ်တစ်စ
လွင့်ပါးသွားပြီဆိုလည်း
မင်းနှလုံးသားဥယျာဉ်မှာ
ကျူပင်မြားတွေ ထိနေဦးမှာပဲ
နှင်းဆီပြာတွေ ပွင့်နေဦးမှာပဲ
စိတ်သင့်ရာတစ်ပွင့်ပန်ဆင်လိုက်ပါလေ။

လှိုင်းကြက်ခွပ်လေးများမြူးကြွ
မြက်ခင်းစိမ်းများလှပ
တေးဆိုငှက်တို့ငိုကြွေး
မြေနီလမ်းကလေး ခပ်ဝေးဝေး။

မွှေးရနံ့များသင်းပျံ့ဆဲ
ငါတစ်ယောက်တည်း မျက်ရည်ဝဲ။

တစ်ဖက်သတ်အမုန်း
အထီးကျန်ရှစ်မျက်နှာတစ်ခွင်လုံး
စိမ်းလက်လက်စို
ရိုမန်တစ်မိုးတိမ်တစ်စ
လွမ်းဖျား ဖျားရင်းငို။

အို... ဝသန္တ
အနောက်တောင်မုတ်သုံလေနဲ့အတူတူ
ငါ့ချစ်သူ
ငါ့ဆီပြန်ပို့ပေးပါကွယ်။

မြသီတာ
မင်းရော ငါရော
စပျစ်သီးနဲ့ မြေခွေးတစ်ကောင်
မဟုတ်ခဲ့ကြ။

တို့နှစ်ယောက်ရဲ့ဇာတ်လမ်းလည်း
အိစွတ်ရဲ့ပုံပြင်မဟုတ်ခဲ့လေတော့
လက်လှမ်းလို့မိပြီးမှ
လွတ်ထွက်သွားတဲ့စပျစ်သီး
ချိုမြိန်ကြောင်း ယုံကြည်နေဆဲပါ။

မနက်ခင်းများသာ
တစ်ခုပြီးတစ်ခု
အရုဏ်သစ်တံဆိပ်များနဲ့
နိုးထလာခဲ့ကြ။

မျက်လုံးနှစ်ဖက်ရဲ့ လိုအင်ဆန္ဒ
လိုက်လျောဖို့ဆို
တစ်စက်ကလေးတောင် သတိမရ။

သမုဒယအမှောင်များနဲ့တေလေရင်း
မိုက်လုံးကြီးနေတုန်းပါ။

နူးညံသိမ်မွေ့လွန်း
ဆန်းကြယ်နက်နဲလွန်း
ပိုးတစ်မျှင်ရဲ့ကျောရိုးတစ်လျောက်
ငါ မတ်မတ်ရပ်။

ဒီနောက်မှာ ငြိမ်ငြိမ်လေးချီတတ်။

တစ်နေ့နေ့တော့
သောကြာဂြိုလ်ဆီ
ရောက်လိမ့်မယ်ထင်ပ။

ဆော့ခရတ္တိရေ
အေသင်တစ်မြို့လုံးရဲ့အလှပဆုံးကို
ဘယ်လို
သိမ်းပိုက်နိုင်ခဲ့ပါသလဲ။

ငါမှာတော့
မျက်လုံးဖွင့်ရှာလည်း
လပြည့်ည လှိုင်းတံပိုးများသာ။

မီးခွက်ထွန်းရှာလည်း
လမိုက်ည တိတ်ဆိတ်မှုများသာ။

ကိစ္စမရှိပါ
ငါလိုမိုက်လုံးကြီးတဲ့မိုးတိမ်တစ်စ
လွင့်ပါးသွားပြီဆိုလည်း
မင်းနှလုံးသားဥယျာဉ်မှာ
ကျူပင်မြားတွေ ထိနေဦးမှာပဲ
နှင်းဆီပြာတွေ ပွင့်နေဦးမှာပဲ
စိတ်သင့်ရာတစ်ပွင့်ပန်ဆင်လိုက်ပါလေ။

ကမ္ဘာပျက်တာမဟုတ်ပါဘူး
မိုးပြိုတာလည်းမဟုတ်ပါဘူး
မုန်းတိုင်းမိခဲ့တာလည်းမဟုတ်ရပါဘူး။

အသည်းကို ခြေဖဝါးနဲ့
စိပ်ပြေနပြေ
နင်းခြေသွားတာပါ။

အချစ်ရေ
ကျေနပ်ပြီလား
အာသာပြေရဲ့လား။

လိုချင်သပဆိုရင်
နောက်ထပ်အသည်းတစ်ခု
ဖန်ဆင်းပေးလိုက်ဦးမယ်။

ဟေ့ကောင်းကင်ကြီး
ခင်ဗျားဆီမှာပဲ
ကြယ်တံခွန်တွေ
လောင်ကျွမ်းနေတာမဟုတ်။

ဒီကောင့်ရင်ဘတ်မှာလည်း
ကြယ်တံခွန်တွေ
လောင်ကျွမ်းဖူးရဲ့။

အခုထိ
တစ်စင်းပြီးတစ်စင်း
လောင်ကျွမ်းနေသေးတယ်။

မြသီတာ
ဒီဇင်ဘာမှာ
ဆောင်းရာသီရဲ့မြူနှင်းတို့ဆိုင်းနေရော့မယ်။

အနွေးထည်ဝတ်ပါ
နွေးနွေးထွေးထွေးနေပါ
သနပ်ခါးထူထူလိမ်းပြီးအိပ်ပါကွယ်။
ပြီးတော့
ဒီကောင့်ရင်ခွင်ကိုလည်း
တစ်ခါလောက်ပဲဖြစ်ဖြစ်
တပ်မက် တမ်းတလှည့်ပါ။

အမုန်းမြို့ရိုးခုနစ်ထပ်
မြင့်မြင့်မြဲမြဲ ကာရံပြီးပြီးဆိုလည်း
မင်းအနားမှာ တစ္ဆေတစ်ကောင်လို
တရိပ်ရိပ် ရောက်တတ်သေးရဲ့။

ငါ
မိုက်စမတုံးသေးဘူးဆိုတာ
ယုံပြီလား။

ချစ်သူသာကျေနပ်ပါစေ
မြားဦးတည့်တည့်
ရင်ဖွင့်ပေးပါ့မယ်။

ရွက်ကြမ်းရေကျိုရုပ်မျိုးနဲ့
ဒြာဝီဒီယံသွေး ရဲရဲနီသမို့
ဒဿဂီရိလို
လူကြမ်းလုပ်လိမ့်မယ်မထင်နဲ့။

စိတ်ချ
မင်းတစ်သက်လုံး
မယ်သီတာလို
ရွှေသမင်အလိုက်မမှားစေရ။

မြေပြင်လိုလို ကောင်းကင်လိုလိုနဲ့
မင်းရဲ့
ဟန်ဆောင်အမူအယာ
လိမ်လည်လှည့်ဖြားခြင်း
အခင်းအကျင်းထဲမှာပေါ့။

အပြင်အဆင်
အဆင်အသွေးတွေကဆွဲဆောင်လွန်း
ပိရိလွန်းလေတော့
အပြစ်ရှာမရနိုင်လောက်အောင်
တမ်းမူးလွယ်ခဲ့။

ဒီလိုနဲ့
ချစ်ခြင်းရဲ့ရင်ခွင်မြုံးထဲမှာ
စိတ်လိုလက်ရ တိုးဝင်သွားခဲ့တာ
ယုံပါ။

ကောင်းပြီဟန်နီ
မင်း
စိတ်လက်ချမ်းသာ ကခုန်ပေတော့
ကြေကွဲခြင်းကိုပဲ
ငါရိတ်သိမ်းလိုက်တော့မယ်။

ကိစ္စမရှိပါ
ငါလိုမိုက်လုံးကြီးတဲ့မိုးတိမ်တစ်စ
လွင့်ပါးသွားပြီဆိုလည်း
မင်းနှလုံးသားဥယျာဉ်မှာ
ကျူပင်မြားတွေ ထိနေဦးမှာပဲ
နှင်းဆီပြာတွေ ပွင့်နေဦးမှာပဲ
စိတ်သင့်ရာတစ်ပွင့်ပန်ဆင်လိုက်ပါလေ။

ကြည်စမ်းပ
မင်း
အငြိုးတကြီးဆုတ်ဖြဲပစ်ခဲ့
ဟောဒီမျက်လုံးတွေကိုလေ။

ချစ်သူတောင်
ဘယ်လို
နမ်းရကောင်းမှန်းမသိခဲ့။

ဒီကောင်ဟာ
တစ်လှမ်းချင်းစီ တစ်လှမ်းချင်းစီ
တစ်လှမ်းချင်းစီ
နောက်ဆုတ်ခဲ့ရလေရဲ့။
ငါ့လည်တိုင်ကို
ဆံနွယ်များနဲ့ ရစ်ပတ်ချည်နှောင်ပြီး
ပါးချင်အပ်ခဲ့တာတွေ
မင်း
မေ့ရက်တယ်။

နေဝင်ရီတရော
တိမ်ရောင်စုံတို့
လမ်းလျှောက်တတ်ချိန်ပေါ့။

မြသီတာ
ဟေမန္တရဲ့မြောက်ပြန်လေနဲ့အတူတူ
ပန်းခရေတွေ
တစ်ညလုံး ကြွေနေရော့မယ်။

အရင်ကလိုပဲ
ကလေးနှစ်ယောက်ရဲ့ယှဉ်ပြိုင်စိတ်နဲ့
ချစ်သူနှစ်ယောက်ရဲ့ ပန်းကောက်ပြိုင်ပွဲ
ကျင်းပကြရအောင်။

မင်းအဦးဆုံးနမ်းခဲ့တဲ့ပါးပြင်ဟာ
အခုတော့
မျက်ရည်များနဲ့ရွှဲရွှဲစို။

တွဲလွဲခိုရင်းခြောက်ကပ်
ခြောက်ကပ်ရင်းတိတ်ဆိတ်
တိတ်ဆိတ်ရင်းလန့်ထိတ်
လန့်ထိတ်ရင်းသွေးပျက်လို့သာနေခဲ့ရ။

မြို့ပျက်ရဲ့တစပြင်လို
နီစွေးစွေးပန်းတွေတာ့ပွင့်ပါရဲ့။

အို့  အာဒမ်
မာရ်နတ်ကိုအပြစ်မတင်ပါနှင့်။

သူကိုရော အသင်ကိုရော
ဘုရားသခင်ကိုရော
ကျေးဇူးကြီးစွာတင်ပ။

သားတော်
မိုက်တွင်းနက်တာကိုသာ
ခွင့်လွှတ်သနားတော်မူပါ။

ကမ်းအဝေး
ရွက်ကုန်ဖွင့်
ပြေးထွက်သွားသူငဲ့။

ငါ
အတတ်ကမ်းစပ်မှာ
ကျန်ရစ်လို့နေခဲ့။

လူသူမနေတဲ့
ကျွန်းတစ်ကျွန်းလိုပေါ့။

အလံမဲ့ မီးခိုးတိတ်
သစ်ပင်များ
တယောထိုးနေကြသလိုမျိုး
နင့်နင့်သည်းသည်း အော်သည်းနေလေရဲ့။

ကိစ္စမရှိပါ
ငါလိုမိုက်လုံးကြီးတဲ့မိုးတိမ်တစ်စ
လွင့်ပါးသွားပြီဆိုလည်း
မင်းနှလုံးသားဥယျာဉ်မှာ
ကျူပင်မြားတွေ ထိနေဦးမှာပဲ
နှင်းဆီပြာတွေ ပွင့်နေဦးမှာပဲ
စိတ်သင့်ရာတစ်ပွင့်ပန်ဆင်လိုက်ပါလေ။

ငါ့အိပ်ကပ်ထဲမှာ
ရိုမန်တစ်ကဗျာကလွဲလို့
ပဲရစ်(စ)မြို့နဲ့လောကနိဗ္ဗာန်
မရှိလေတော့။

လိပ်ပြာကလေး
အကြိမ်ကြိမ်ခြေချော်လဲကျ။

ဆုံးရှုံးလိုက်ရပြီ
ချစ်သူတစ်ယောက်နဲ့
မှော်အောင်ထားတဲ့အသီးအပွင့်တွေပါ။

ပြဇတ်ရဲ့ပထမခန်းမှာပဲ
မင်းမှာ မေတ္တာတရား
ခမ်းခြောက်သွားလေတော့
မရဏတီးလုံးနဲ့ ကန့်လန်ကာချလိုက်ရုံသာ။

အခန်းဆက်ကဖို့ဆိုတာလည်း
ကယ်သူမရှိ
ဒုတ်ဒုတ်ထိနွံနစ်ရပြီ။

မြသီတာ
ဥပေက္ခာကိုသေနတ်တစ်လက်လို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလည်း
ငါဟာ
မင်းရဲ့မြို့ရိုးတံတိုင်းကိုတောင်
အရိုးစွဲမြတ်နိုးနေတုန်းပါ။

ပလေတိုအလိုအရ
ချစ်ခြင်းရဲ့
ယေဘုယျစိတ်ကူးထည်ကိုပဲ
ရိုမန်တစ်ဆန်ဆန် လက်ထပ်ပါ့မယ်။

အဲဒီမင်္ဂလာအခမ်းအနားမှာ
ဘုရားသခင်ရော
အာဒမ်ရော ဧဝရော
ကြွလာလိမ့်မယ်ပ။

ကြာခဲ့ပါပြီ
ချစ်သူမရှိတဲ့နောက်
ပေါင်မုန့်ပဲဖြစ်ဖြစ် ဝိုင်အရက်ပဲဖြစ်ဖြစ်
မလိုချင်တော့ပါ။

ထာဝရရှိသေးတယ်ဆိုလည်း
ရှိပါစေတော့
မလိုချင်တော့ပါ။

ရနိုင်ဦးမယ်ဆိုရင်
မင်းရဲ့
အနမ်းတစ်ပွင့်ကိုပဲ
ငါတမ်းတတယ်။

ကန္တရဆူးတောမှာ
မိုးခေါင်ရေရှားသလို
အဖြစ်မျိုးပဲပေါ့

ဘယ်လို့မှ
ဆွဲနုတ်လို့မရတော့မယ်
အလွမ်းများနဲ့သွေးယူထားတဲ့
ဓါးသွားဟာ
ဖျပ်ဖျပ်ခါ လှုပ်ရမ်း။

ကိစ္စမရှိပါ
ငါလိုမိုက်လုံးကြီးတဲ့မိုးတိမ်တစ်စ
လွင့်ပါးသွားပြီဆိုလည်း
မင်းနှလုံးသားဥယျာဉ်မှာ
ကျူပင်မြားတွေ ထိနေဦးမှာပဲ
နှင်းဆီပြာတွေ ပွင့်နေဦးမှာပဲ
စိတ်သင့်ရာတစ်ပွင့်ပန်ဆင်လိုက်ပါလေ။

(သျှင်ဖြူသာ)

Similar Documents